လိုင်းကျပ်မှုများကြောင့် မန္တလေး GSM ဆင်းမ်ကတ်ခွဲတမ်း ယာယီရပ်နား





တန်ဖိုးနည်းဖုန်း ရရှိရန် တန်းစီစဉ် လူသေဆုံးမှု၊ ခိုက်ရန် ဖြစ်ပွားမှုများအထိ ဖြစ်ပေါ်ခဲ့သော မန္တလေးတိုင်းဒေသကြီး အတွင်း ဖေဖော်ဝါရီလအတွက် ချထားပေးမည့် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ် ခွဲတမ်းတွင် CDMA ဆင်းမ်ကတ် တစ်မျိုးတည်းသာ ပါဝင်ပြီး GSM မှာ လိုင်းကျပ်မည် ဖြစ်သဖြင့် ခွဲတမ်း ယာယီရပ်နားထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ GSM ဆင်းမ်ကတ်ခွဲတမ်းများ ယာယီ ရပ်နားထားမည် ဖြစ်ပြီး တာဝါတိုင်များ တည်ဆောက်မှု ပြီးစီးသည့်အခါ ထပ်မံချပေးမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ဖေဖော်ဝါရီလအတွက် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်ခွဲတမ်းမှာ CDMA ကတ် ၄၆,၀၀၀ ကျော်ရရှိပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်များ အလိုက် ခွဲတမ်းချပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

သက်ပြည့် ပင်စင်စားများအတွက် တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်များကို ဇန်နဝါရီလမှ စတင်ကာ ခွဲတမ်းဖြင့် ရောင်းချပေးခဲ့ရာ ဖေဖော်ဝါရီလအတွက် WCDMA ဆင်းမ်ကတ် ၅၃၀၀ ရရှိကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ထပ်မံသိရှိရသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တော်၌ တယ်လီဖုန်းလိုင်းများ ယခင်ထက်ကျပ်ကာ တစ်အိမ်တည်းအတွင်း ရှိနေပြီး ဖုန်းခေါ်ဆိုမှု မရရှိဘဲ အကြိမ်ကြိမ် ခေါ်ဆိုမှသာ ဖုန်းခေါ်ဆိုမှု ရရှိကြောင်း GSM ဖုန်း ကိုင်ဆောင်သူများက ပြောကြားသည်။

ယင်းကဲ့သို့ လိုင်းကျပ်မှုများသည် တာဝါတိုင် မလုံလောက်ခြင်း များကြောင့် ဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်လည် အဆင်ပြေသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly
Related Posts Plugin for WordPress, Blogger...